စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း-(အလုံ) ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
မုံရွာ၊ ဇွန် ၇
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မုံရွာမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ကျောင်းသား၊ကျောင်းသူများ ကျန်းမာသန်စွမ်းကာ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ဇွန်လ ၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း-(အလုံ) ကျောင်းဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့်ကျောင်း သား/ ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား စားသုံးဆီများ၊ ဟင်းသီးဟင်းရွက်များ ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသူများအား နံနက်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၂၀၀ ဦး ကျော်ဖြင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။




































