စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့နယ်၊ ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်နေမှုလုပ်ငန်းများနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ရှိ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး
မုံရွာ ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေး ရှင်းလင်း ဆောင်သို့ ရောက်ရှိကြသည်။
ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးညီညီဇော်က ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေး လုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ Power Pointဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လမ်းဦးစီးဌာနမှ တဝန်ရှိသူ များနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) ချဉ်းကပ်လမ်း များဖောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အား ဆက်သွယ်ပေးမည့် ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ပြီးစီးပါက လေရှီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်ရှိပြည်သူများအတွက် အိန္ဒိယနိုင်ငံ နယ်စပ်အထိ နှစ်နိုင်ငံကူးသန်းသွားလာမှုကို များစွာအထောက်အကူပြုသည့် လမ်းမကြီးပေါ်တွင် တည်ရှိသည့်တံတားကြီး တစ်စင်းဖြစ်ပါကြောင်း၊ ၎င်းအပြင်ဆွမ္မရာမြို့၊ ပန်ဆပ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့်ဒေသဖွံ့ဖြိုးရေး အတွက် များစွာအကျိုးပြုစေမည်ဖြစ်ပြီး ဒေသထွက်ကုန်များ ရောင်းဝယ်မှုအတွက်ပါ အကျိုးပြု စေမည်ဖြစ်ပါ၍ တည်ဆောက်ရေးလုပ်ငန်းများကို သက်မှတ်ကာလတွင်ပြီးစီးအောင် တည် ဆောက်ရန်လိုအပ်ပါကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန်အောင် တည်ဆောက်ပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးတို့ကိုလည်း သတိပြုဆောင်ရွက်ရန်လိုအပ်ပါကြောင်းတို့ကို အသေးစိတ်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ချင်းတွင်းမြစ်ကူး တံတား(ထမံသီ) တံတားကြီး၏ ချဉ်းကပ်လမ်းလုပ်ငန်းများဆောင်ရွက်နေမှုနှင့် တံတားကြီး တည်ဆောက်နေမှုလုပ်ငန်းများအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
အဆိုပါ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်းမြို့-လေရှီးမြို့-ပန်ဆပ်-ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ သံကူကွန် ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတားအရှည် - ၈၀၁ မီတာ၊ အကျယ် - ၉.၄ မီတာ၊ တံတား အခန်းပေါင်း - ၁၅ ခန်း ၊ ရေလမ်းကင်းလွတ်အမြင့် ၄၀ ပေ(HFL)ဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် အပြီး တည်ဆောက်နေခြင်းဖြစ်ပါသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် လေရှီးမြို့၊ အခြေခံပညာအထက်တန်း
ကျောင်းသို့ ရောက်ရှိရာ ကျောင်းသား၊ကျောင်းသူများမှ ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြပြီး ဘင်ခရာတီးမှုတ်လေ့ကျင့်နေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးကာ ဘင်ခရာအဖွဲ့အတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေကျပ် - ၁၀ သိန်း အား ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်း တွင် လေရှီးမြို့နယ် ပညာရေးမှူး၊ ကျောင်းအုပ်
ဆရာကြီးနှင့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံရာ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများက ကျောင်း၏ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျောင်း၏လိုအပ်ချက်များနှင့် ပတ်သက်၍ ဖြည့်စွက် ဆွေးနွေး အကြံပြုတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်း၏လိုအပ်ချက် တင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ကျောင်းအုပ် ဆရာကြီးထံ ကျောင်းအတွက်ထောက်ပံ့ငွေကျပ် - ၁၀ သိန်းအား ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် - ၁၀ သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လေရှီးမြို့တွင် ၂၀၂၄-ခုနှစ်၊ ဇန်နဝါရီလ၌ ကျင်းပပြုလုပ်မည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အတွက် ရိုးရာကွင်း အတွင်းကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။





























