စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် အထူး ဆေးကုသရေးအစီအစဉ်အား ကြည့်ရှုအားပေး
မုံရွာ ၊ အောက်တိုဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၏ အထူးဆေးကုသရေး အစီအစဉ်အဖြစ် ဒေသခံပြည်သူများအား ဒုတိယနေ့ ကျန်းမာရေးစောင့်ရှောက်မှုများ စမ်းသပ်ကုသဆောင်ရွက်ပေးနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆေးကုသမှုလာရောက် ပြသသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ပြီး နေ့လယ်စာစားသောက်ဖွယ်ရာများ အသီးသီးဝေငှခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်က အထူးဆေးကုသရေးအစီအစဉ်အဖြစ် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ လာရောက်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပါမောက္ခ/အထူးကုဆရာဝန်ကြီးများထံ ဒေသထွက်စားသောက်ဖွယ်ရာများအားပေးအပ်ခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသရေးအစီအစဉ်တွင် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများမှ မုံရွာခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား အောက်တိုဘာလ ၁၆ ရက်နေ့တွင် လူနာ - ၇၆၇ ဦး၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် လူနာ- ၇၇၂ ဦး၊ စုစုပေါင်းလူနာ - ၁၅၃၉ ဦးအား ရောဂါ ၁၃ မျိုး၊ စမ်းသပ်ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်


























