စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပ
မုံရွာ၊ ဇွန် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန နှင့် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနတို့ ပူးပေါင်းကျင်းပသည့် ရေပြင်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ဇွန်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုအချိန်အခါသည် မိုးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများအား ပိုမိုအလေးထား လုပ်ဆောင်ရမည့် အချိန်ကာလဖြစ်ပါကြောင်း၊ ငလျင်ဘေးနှင့်မီးဘေးမှအပ မုန်တိုင်းများဝင်ရောက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ကမ်းပြိုခြင်းစသည့် ဘေးများသည် မိုးတွင်းကာလတွင်အဖြစ်များသည့် သဘာဝဘေးများ ဖြစ်ပါကြောင်း၊ နှစ်စဉ်မိုးရာသီရောက်တိုင်း ချင်းတွင်းမြစ် ရိုးတစ်လျှောက်နှင့် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ မြို့ရွာများမှ မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက ရင်ဆိုင်ကျော်လွှားနိုင်သည့် အသိ ပညာဗဟုသုတများ သိရှိထားရန်လိုအပ်ပါကြောင်း၊ သရုပ်ပြသပွဲသို့ တက်ရောက်လာကြသူ များ အနေဖြင့်လည်း ယခုလိုသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းမှရရှိသည့် အတွေ့အကြုံဗဟုသုတ များအား လက်ဆင့်ကမ်းမျှဝေကာ ရေဘေးအန္တရာယ်ကြောင့် ထိခိုက်မှုမှ လျော့နည်းသက်သာစေမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား တိုင်းဒေသကြီး/ခရိုင်/မြို့နယ် သန္ဓေမီး သတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး စက်လှေများဖြင့် ချီတက်အလေး ပြုကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်း အနားသို့ တက်ရောက်လာသူများမှ အရှေ့ဘက် ကန်သာယာကန်အတွင်း စက်လှေပေါ်မှ ပြုတ်ကျသူများအား ကယ်ဆယ်ခြင်း၊အဝေးထိန်းသက်ကယ် ဘောကွင်း Life Bouay အသုံးပြုကယ်ဆယ်ခြင်း၊ ရေငုတ်ဝတ်စုံ Dive Suit ဖြင့် ရေငုတ်ရှာဖွေခြင်း၊ ခရီးသည်တင်/ကုန်တင်စက်လှေ/သင်္ဘောများပေါ်တွင် ပါရှိသည့် ပစ္စည်းများအသုံးပြု၍ ရေနစ်သေဆုံးမှုများမှ ကာကွယ်ခြင်း၊ ရေပြင်မီးငြိမ်းသတ်ခြင်းနှင့် ကယ်ဆယ်ခြင်း၊ ရေဘေးဒုက္ခသည်များအား စက်လှေများဖြင့် သယ်ယူရွေ့ပြောင်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း သရုပ်ပြသမှုများအား ကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အရှေ့ဘက် ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ချင်းကျင်းပြသထားသည့် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ရှာဖွေ ကယ်ဆယ် ရေးသုံး ခေတ်မီစက်ကိရိယာများ၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေထိုးရွက်ဖျင်တဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းစီမံခန့် ခွဲမှုလုပ်ငန်းကော်မတီ ပြခန်း၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ပြခန်း၊ ကနဦး စစ်တမ်းကောက်ယူရေး ပျက်စီးဆုံးရုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များဆန်းစစ်ဖော်ထုတ် ရေးလုပ်ငန်းကော်မတီ ပြခန်း၊ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီ ပြခန်း၊ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်း ကော်မတီ ပြခန်း၊ပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းကော်မတီ ပြခန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည်ထူထောင်လုပ်ငန်း ကော်မတီ ပြခန်းနှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း ကော်မတီ ပြခန်းများအား လိုက်လံကြည့် ရှုကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိိသူများက ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြသခြင်း အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး တာဝန် ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။























