စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီကဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ
မုံရွာ ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ နှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ၊ တိုင်းအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ သယံဇာတ ရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှူရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီးအဆင့် ဖိတ်ကြားထားသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ဒေသတွင်း အလုပ် အကိုင်အခွင့်အလမ်းများ ရရှိရေး သင်တန်းများ ဖွင့် လှစ်ရခြင်းနှင့်ပတ်သက်ပြီး သင်တန်းဆင်းအမှာစကားပြောကြားပြီးနောက် လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက သင်တန်းနည်းပြများအတွက်ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည် ။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းက သင်တန်းမှ ထွက်ရှိသည့် လူသုံးကုန်ပစ္စည်းများအား သင်တန်း သား သင်တန်းသူများထံ ပေးအပ်ချီးမြှင့်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး နောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ် ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
အဆိုပါ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဩဂုတ်လ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၅ ရက်ကြာ သင်ကြားပို့ချခဲ့ပြီး သင်တန်းသို့ မုံရွာမြို့ ရပ်ကွက်အသီးသီးမှ ဒေသခံ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၄ ဦးတက်ရောက်ခဲ့ကြကြောင်း လူသုံးကုန်များဖြစ်သော ဆပ်ပြာဆီ ဆပ်ပြာခဲ အမျိုးမျိုး ၊ ဆပ်ပြာရည် အမျိုးမျိုး ထုတ်လုပ်နည်းတို့ကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြကြောင်း သိရှိရပါသည်။


























