စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၄)ဖွင့်ပွဲအခမ်းအနား တက်ရောက်
မုံရွာ၊ သြဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်း များ ဖန်တီးပေးရေးကော်မတီမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် (၂/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၁၃ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး ကလေးအလုပ် သမားပပျောက်ရေး ကော်မတီအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား အဆင့်လုပ်ငန်းစီမံချက်ပါ ရည်မှန်းချက်များဖြစ်သည့် “ခိုင်မာတိကျသောအခြေခံအချက်အလက် များကောက်ယူခြင်း၊ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ပညာရေး၊ အသက်မွေး ဝမ်းကြောင်းပညာအခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ဥပဒေပိုင်းဆိုင်ရာပြုပြင်ရေးဆွဲမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေခြင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေ ခြင်းခံရသော ကလေးအလုပ်သမားများအားဖယ်ရှားခြင်းနှင့် ပြန်လည်ကုစားခြင်း၊ မိသားစု အတွက်ပိုမိုကောင်းမွန်သော အသက်မွေး ဝမ်းကျောင်း အလုပ်အကိုင်များရရှိစေခြင်း” အား အောင်မြင်စေရန်အတွက်ကော်မတီ(၈)ရပ်ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်များနှင့် ကလေးသူငယ်များဖွံ့ဖြိုးမှု အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ် ပုံရိပ်အား ဖန်တီးပေးရာတွင် အလွန်အရေးကြီးသည့်အတွက် လူငယ်များနှင့်ကလေးများသည် နိုင်ငံ၏တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များ ဖြစ်ပါကြောင်း၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုစသည့် စိန်ခေါ်မှုများ သည် ကလေးအလုပ်သမားများ အသုံးပြုနေသည့် အဓိကအခြေခံအကြောင်းအရင်း ဖြစ်သည့်အတွက် တိုက်ရိုက်ဆက်စပ်နေ ပါကြောင်း၊ ထို့ကြောင့်နိုင်ငံတော်မှ အမျိုးသားအဆင့် ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်များရေးဆွဲပြီး အကောင်အထည် ဖော်ဆောင်ရွက်နေပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မိမိဒေသနှင့်ကိုက်ညီမှု ရရှိစေမည့် အသက်မွေးမှုနှင့် ကျွမ်းကျင်မှုသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားရန် စီစဉ်ဆောင်ရွက် ထားရှိပါကြောင်း၊ ယခုဖွင့်လှစ်မည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းသည်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်သည့်အတွက် သင်တန်းသူများအနေဖြင့် စာတွေ့၊ လက်တွေ့သင်ကြားနိုင်သည့် အခွင့်အရေးများရရှိမှာဖြစ်သည့်အတွက်တန်ဖိုးရှိသည့် သင်တန်းတစ်ခု ဖြစ်ပါကြောင်းနှင့် ယခုသင်တန်းမှ သင်ကြားပေးမည့်ပညာရပ်များဖြင့် အလုပ်အကိုင်အခွင့် အလမ်းရရှိပြီး အောင်မြင်သည့် လူမှုစီးပွားဘဝများ တည်ဆောက်နိုင်ကြပါစေကြောင်း ပြော ကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးထံ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် - ၁၉၅၇၅၀၀/- (တစ်ဆယ့်ကိုးသိန်း ငါးသောင်းခုနှစ်ထောင့်ငါးရာ)ကျပ်အား ပေးအပ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မောင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် အသုံးပြုသွားမည့် သင်ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှု ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအား ရက်သတ္တပတ် ၁ ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူ ၃၉ ဦး တက်ရောက်သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။


















































