စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊(၇၇)နှစ်မြောက် ပြည်ထောင်စု နေ့အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ ၊ ဇန်နဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-ခုနှစ်၊ (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၅ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင် ရာများ၊ အခမ်းအနားကျင်းပနိုင်ရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့အခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းတာဝန် ပေးအပ် ထားပြီး ဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် အခမ်းအနားအား တိုင်းဒေသကြီး အဆင့်နှင့်လျှော်ညီအောင် ခမ်းခမ်းနားနား ပြင်ဆင်ဆောင်ရွက်သွားကြရန်နှင့် ဖိတ်ကြားမှုအပိုင်း နှင့်ယာဉ်ရပ်နားမှုအပိုင်းတို့တွင် ကျင်းပမည့်နေရာနှင့် အဆင်ပြေအောင် ဖိတ်ကြားစေလိုပါကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအား ကြိုတင်ပြင်ဆင်တောင်ရွက်ကြမှသာ သက်မှတ်အချိန်မှီပြီးစီးမှာ ဖြစ်ပါကြောင်း၊ လုံခြုံရေးကို လည်း အလေးထားကြပ်မတ်ကြရန်နှင့် ဌာနဆိုင်ရာရုံးအဆောက်အဦများ၌ လျှပ်စစ်အလှဆင်မီးများထွန်းညှိ၍ လှပအောင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၂၀၂၄-ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီအသီးသီးမှ တာဝန်ရှိသူများက မိမိတို့ကော်မတီများအလိုက် တာဝန် ယူဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက် ရောက်လာသူများက ၂၀၂၄-ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို အထွေထွေအကြံပြု ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။





















