စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ကျောင်း တိုက်ကြီးများမှ ဆရာတော်၊သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းလောင်းလှူပွဲနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်း လှူပွဲကျင်းပ
မုံရွာ၊ နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိ စာသင်တိုက်ကြီး ၄ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်း လောင်းလှူပွဲနှင့် သီလရှင်ကျောင်း ၆ ကျောင်းမှ သီလရှင်ဆရာကြီး/ ဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပရာ ဆွမ်း၊ဆွမ်းဟင်းနှင့် ဆွမ်းဆန် စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်း များနှင့်မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက ဆွမ်း၊ဆွမ်းဟင်းနှင့်ဆွမ်းဆန် စိမ်းလောင်းလှူပွဲသို့ လာရောက်လောင်းလှူကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များနှင့် အရာထမ်း၊အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများနှင့် မိသားစုဝင်များမှ ဆွမ်း၊ဆွမ်းဟင်းနှင့်ဆွမ်းဆန်စိမ်းများ စနစ်တကျနေရာချထားမှုများအား လိုက်လံကြည့်ရှု အားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများနှင့်မိသားစုဝင်များက ပင့်သံဃာ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများ၊ သစ်သီးနှင့်အချိုပွဲများ လောင်း လှူခြင်းနှင့်သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်းများနှင့်ဝတ္ထုငွေများ လောင်းလှူကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်ဆရာကြီး၊ဆရာလေးများအား ဆွမ်းနှင့်ဆွမ်း ဟင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရှိ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့်မိသားစုဝင်များမှ လစဉ် လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။










































