စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သံဃာတော်အပါး ၃၀၀ အား ဆွမ်းနှင့်ဆွမ်း ဟင်းလောင်းလှူခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုအားပေး
မုံရွာ၊ ဧပြီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်းကျင်ရှိ ကျောင်းတိုက်ကြီး ၈ တိုက်မှ ဆရာတော်၊သံဃာတော်အပါး ၃၀၀ အား ဆွမ်းနှင့် ဆွမ်းဟင်းလောင်းလှူပွဲ အခမ်းအနားကို ဧပြီလ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပရာ ဆွမ်းလောင်းလှူပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးရှိ အရာထမ်း၊ အမှုထမ်းများနှင့်မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အရာထမ်း၊ အမှုထမ်းများက ပင့်သံဃာ ဆရာတော်၊သံဃာတော်အပါး ၃၀၀ တို့အား ဆွမ်းနှင့်ဆွမ်းဟင်းများ၊ သစ်သီးများ၊ အချိုပွဲများ လောင်းလှူခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သံဃာတော်အပါး ၃၀၀ တို့အား စနစ်တကျဖြင့် ဆွမ်းနှင့်ဆွမ်းဟင်းများ၊ သစ်သီးများ၊ အချိုပွဲများ တစ်ပျော်တစ်ပါး လောင်းလှူနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ဆွမ်းလောင်းလှူကြသူများအား ရင်းရင်းနီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဥပတိရုပ်ကောင်းမွန်စေရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက် ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအတွင်း သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး တို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသားမိဘများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုအားပေးကြသည်။
ထို့နောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ရပ်ကွက်နေပြည်သူ များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီး ဟင်းရွက်များ နှင့်စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၆ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၂၅၀၀ ကျော်ဖြင့် ကျောင်းများဥပတိရုပ်ကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

























































